Saturday, July 12, 2008

“ချစ်သူ့လက်ဖွဲ့ “





အချစ်ဆိုတာအနေဝေးရင်တဖြည်းဖြည်းနဲ့သွေးအေးသွားတတ်တဲ့သဘောရှိတယ်လို့

တို့ကို သူငယ်ချင်းတွေကပြောကြတယ်။


သည်စကားဟာ တို့အတွက်တော့ မှားတယ်ချစ်သူရယ်၊ဟိုးတုန်းကကျယ်လောင်ခဲ့

တဲ့ရင်ခုန်သံတွေဟာအခုထိ လည်းတိုးမှိန်မသွားဘူးဆိုတာတော့ဝန်ခံပါရစေ။

တို့နှစ်ယောက်ရဲ့ဘ၀ဟာအစတည်းကမြင်သာမြင်ရမကြင်ရတဲ့ဘ၀ပဲ....

သည့်အတွက် ချစ်သူ တို့ကိုလမ်းခွဲသွားတာအပြစ်မတင်ရက်တော့ပါဘူးလေ။

မှတ်မှတ်ရရ မင်းကိုစတွေ့ခဲ့တာ ၂၀၀၁ ခုနှစ်ရဲ့ ရက်တရက်ကပေါ့...။

တို့က အွန်လိုင်း ပေါ်မှာ assignment အတွက် research လုပ်ရုံ

သဘောနဲ့ပဲရောက်လာ ရုံသက်သက်ပဲ၊ chatting တွေလဲသိတ်စိတ်မ၀င်စားခဲ့ပါဘူး။ တနေ့ မှာ ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းက အတင်းဖိတ်ခေါ်လို့၊ မင်းတို့ conference ကိုရောက်ခဲ့တယ်။ မင်းတို့ အချင်းချင်း ငြင်းခုံနေတာ၊ စနောက်နေတာ ၊ရီမောနေတာ တို့ နားထောင်ရုံ သက်သက်ပါပဲ။ တို့ နဲ့မသိတဲ့ သူစိမ်းတွေကြားထဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆတ်ရမှာ၊ စပြီး စကားပြောရမှာကို ရှက်ရွံ့နေတာ လည်းပါပါတယ်။

ခဏ ကြာတော့ တို့ စိတ်တွေမွန်းကြပ်လာလို့မင်းတို့ cf ထဲကထွက်လာခဲ့တယ်။

ဒါပေမယ့် မင်းက တို့ကို private chat room မှာ ဘာဖြစ်လို့ စကားမပြောတာလဲ၊ နာမည်လေးသိလို့ရမလား၊ဘယ်နိုင်ငံကလဲ ဆိုပြီးမေးခဲ့တယ်။

အဲ့ဒီညမှာတော့ မိတ်ဖြစ်ဆွေဖြစ်မင်းနဲ့အတူ စကားတွေထိုင်ပြောရင်း မင်း အကြောင်းနည်းနည်းပါးပါး ကိုသိခဲ့ရပါတယ်။

နောက်နေ့မှာ တို့ရဲ့ assignment ကို ဆရာဆီ email ပို့ဖို့ အွန်လိုင်းကို အလာ၊ မင်းကိုတွေ့လိုက်ရတယ်။

တို့ညပိုင်းတွေပဲ အွန်လိုင်း ပေါ်ကိုလာတတ်မှန်းသိလို့၊မင်းတမင်မအိပ်ပဲ စောင့်နေတယ်ဆိုတာ ချစ်သူတွေဖြစ်ပြီးမှ သိခဲ့ရတယ်။ မင်းနဲ့စကားပြောရတာ တို့ပျော်ပါတယ်။ မင်းနဲ့ယှဉ်ရင် တို့က စကားနည်းလွန်းသူပါ။အခုထိလည်း မင်းကို မပြောဖြစ်လိုက်တဲ့စကားတွေ တို့ရင်ထဲမှာ အကြိမ်ကြိမ်ပဲ့တင်ထပ်နေဆဲ....။ တကယ်တမ်း တို့ပြောခွင့်ရမယ်ဆိုရင်တောင်၊ မင်းအတွက် တို့ရင်ထဲက စကားတွေ အရာမ၀င်တော့ပါဘူးကွယ်။အားလုံးဟာ ပြီးဆုံးခဲ့ပြီပဲ....။

ထားပါတော့လဲ...တို့ကလဲ တို့ရဲ့ စာကျက်ချိန်တွေကို မင်းနဲ့ကုန်ဆုံးခဲ့သလို၊ မင်းကလဲမင်းရဲ့ အိပ်ချိန်တွေကို အွန်လိုင်းပေါ်မှာ ကုန်ဆုံးခဲ့တယ်။

တို့တွေအပြန်အလှန်စာရေးဖြစ်ကြတယ်... တို့ကျောင်းချိန် စောစောပြီးတတ်တဲ့ ဗုဒဟူး၊သောကြာလိုနေ့မျိုးတွေမှာ ဖုန်းထဲမှာ နာရီပေါင်းများစွာစကားပြောဖြစ်ခဲ့သလို ၊weekend မှာလဲ တို့တွေစကားပြောဖြစ်ခဲ့ကြတယ်။ ပြောဖြစ်ခဲ့တဲ့အကြောင်းရာတွေထဲမှာ၊ တို့နှစ်ယောက်သိပ်ကိုကွာခြားတယ်ဆိုတာတို့အစထဲကသိသင့်ဖို့ကောင်းခဲ့တယ် နော်...။

တို့ဝါသနာပါတဲ့ စာပေ ဂီတတွေကို မင်းစိတ်မ၀င်စားပေမယ့် နားထောင်တဲ့အတွက်ကျေးဇူးပါ။ တို့က ဆရာမြို့မငြိမ်း၊ဆရာရွှေတိုင်ညွန့်၊နန်းတော်ရှေ့ဆရာတင်သီချင်းတွေကိုသိပ်ကြိုက်တယ်လို့ပြောပြတော့ မင်းအံအားသင့်နေခဲ့တယ်။ တို့ဘယ်တုန်းကမှ နားထောင်လို့မရခဲ့တဲ့ Rap, Hip Pop တို့ကိုမှ မင်းက နှစ်သက်ခဲ့တာလေ...။ မတူညီချင်း ၊မတိုက်ဆိုင်ချင်းကပဲ တို့နှစ်ယောက်ကို အနီးဆုံးတွန်းပို့ခဲ့တာလား

သည်လိုနဲ့ပဲ တို့နဲ့မင်းရဲ့ ခင်မင်မှု သံယောဇဉ်တွေ တနေ့ထက်တနေ့ ပိုတိုးလာတယ်။

မင်းတို့ကို ချစ်တယ်လို့ ဖွင့်ပြောတာ မဆန်းပါဘူး။ ရင်းနှီးမှုဒဏ်ကိုမှ မခံနိုင်ပဲ.... တို့အပေါ်မှာ သာယာသွားတဲ့ မင်းစိတ်ကို အချစ်လို့ အလွယ်သဘောနဲ့ မင်းသက်မှတ်ခဲ့တယ်။

မင်းတို့ ယောကျာ်းတွေရဲ့အချစ်က မိုးတိမ်တွေလိုပဲ လွင့်ချင်ရာလွင့် ၊မျှော်ချင်ရာမျှော်

တွယ်ရာမဲ့ လွပ်လပ်ပေါ့ပါးတယ်နော်။ မင်းစိတ်ကို မင်းထက်ပိုသိခဲ့လို့လဲ၊ ဒီဇာတ်လမ်းကနေ ရုန်းထွက်ဖို့ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူးကွယ် .... မာယာစုံ၊ပညာစုံသုံးတဲ့ဒီပွဲမှာ တို့နှလုံးသား မောလျှစွာ ရှုံးနိမ့်ခဲ့တယ်။ မင်းကိုလက်ခံလိုက်ပြီဆိုတော့ တို့အသိုင်းဝိုင်းကကန့်ကွက်သလို၊သူငယ်ချင်းတွေကလဲ တို့ရဲ့ချစ်ခြင်းကိုနားမလည်နိုင်ခဲ့ကြဘူး။

သူတို့က ပြောခဲ့တာကတော့ မင်းမှာရီးစာတွေအများကြီး တဲ့...တို့ကမင်းရဲ့ online ပေါ်က one of them တဲ့လေ...။ ဘယ်သူတွေဘာပြောပြော တို့က မင်းရဲ့ မုသားချိုချိုတွေကိုပဲ နားထောင်ချင်ခဲ့သူပါ။

သိသိရက်နဲ့ တို့ မင်းကို ယုံခဲ့ပါတယ်။အားလုံး တို့အမှားတွေပါပဲ...။ အားလုံးရဲ့ ဝေဖန်ရှုံ့ချမှုတွေကို

ဥပ္ပက္ခာထားပြီး မင်းနဲ့အတူမရေရာမသေချာတဲ့ လေလိုင်းပေါ်မှာအိမ်မက်တွေ တည်ဆောက်ခဲ့တယ်။

ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သက်တမ်းသုံးနှစ်တလျှောက်လုံး တို့မင်းကိုသစ္စာရှိခဲ့ပါတယ်။ မင်းနေထိုင်တဲ့မြို့မှာ မာစတာဆက်တတ်မယ်လို့ ရည်ရွယ်ခဲ့ဖူးသလို၊ မင်းကလဲ တို့နေတဲ့မြို့ကို ရောက်အောင်လာမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် ချစ်သူသက်တမ်းတလျှောက်လုံးမှာ မင်း အွန်လိုင်းပေါ်မှာကောင်မလေးတွေတယောက်ပြီးတယောက်နဲ့ရီစားဖြစ်တယ်။မင်းကောင်မလေးတွေနဲ့ chat room ထဲမှာ ထိတ်တိုက်ဆုံတွေ့တဲ့အခါတိုင်း တို့ကမျက်နှာပူပူနဲ့ရှောင်ထွက်ပေးခဲ့သလို၊တခါတရံတော့လည်းတို့ကမင်းရဲ့အမအဖြစ်သရုပ်ဆောင်ပေးခဲ့ရတယ်။ တို့မင်းကိုအဲ့ဒီလောက်ထိလိုက်လျှောခွင့်လွတ်မူနဲ့နားလည်ထားခဲ့ပါတယ်။

တနေ့တော့ မင်းတို့ကိုချစ်လာလိမ့်မည်လို့မျှော်လင့်ထားခဲ့တယ်....သနားချစ်ပဲဖြစ်ဖြစ်ပေါ့်....။

စာထဲမှာမင်းကတို့နှစ်ယောက်ရဲ့ဘ၀အတွက်ကျောင်းတဖက်နဲ့အလုပ်တွေကြိုးစားတဲ့အကြောင်း၊ တို့ကိုလွမ်းလို့ကွန်ပြူတာပေါ်ကဓာတ်ပုံတွေကြည့်ရင်း မိုးလင်းသွားတဲ့ညတွေရှိတဲ့အကြောင်း

ရေးထားတော့မင်း ကိုသနားစိတ်နဲ့ပိုချစ်ခဲ့ရတယ်။

မင်းးနားထောင်ဖို့ ကဗျာဘွဲ့မူးရဲ့ ချစ်သူအနားမှာဆိုတဲ့သီချင်းကိုကိုယ်တိုင်ဆိုပြီး တိပ်ခွေလေးကိုပို့ပေးဖူးတယ်။ မင်းအတွက် ကဗျာလေးတွေ မရေးတတ်ရေးတတ်နဲ့ကဗျာစပ်ခဲ့ဖူးတယ်။

အဝေးက မင်းရဲ့စာလွှာလေးတွေကိုမျှော်လင့်ရင်း၊ဖုန်းသံတွေကို စောင့်စားရင်း၊ မင်းနဲ့တွေ့ရမယ့်

ရက်တွေကိုလက်ချိုးရေတွက်ရင်း တို.ကသုံးနှစ်တိတိမင်း အပေါ်မှာ သစ္စာရှိခဲ့ပါတယ်။

၂၀၀၄ခုနှစ်ရဲ့လတစ်လမှာ မင်းဆီကစာလွှာလေးတွေ ရောက်မလာတော့ဘူး။ ဖုန်းသံတွေလဲ အလာကြဲသွားပြီ။ မင်းကို ဖုန်းဆက်တိုင်း မအားဘူးဆိုတဲ့အကြောင်းပြချက်ပဲ ရခဲ့တယ်။တခါတရံမှာ မင်း ကတို့ဖုန်းကိုတောင် မကိုင်တော့ဘူး။ မင်းရဲ့ပြောင်းလဲခြင်းကိုတို့နားလည်လိုက်ပါပြီ။

မင်းလိုအပ်တဲ့အခါမှာ တို့အမြဲရှိပေးခဲ့သလို၊ မင်းမလိုအပ်တဲ့တနေ့ တို့ထွက်သွားပေးရမှာပါ။

မင်းပဲစဉ်စားကြည့်ပါ။ တို့တွေချစ်သူဖြစ်ခွင့်ရခဲ့တဲ့ နှစ်တွေမှာ၊ မင်းဘက်က တို့ကိုချစ်သူ အဖြစ် မသက်

မှတ်ခဲ့ပါဘူးကွယ်။မင်းနှလုံးသားမှာ အခြားတယောက်သာ အမြဲနေရာယူစမြဲပါ။

မင်းရဲ့အဝေးမှာ တယောက်တည်းတိတ်တဆိတ်ကြေကွဲချိန် ...တို့ရဲ့နာကြင်မှုကို မကြည့်ရက်တော့တဲ့တနေ့၊နယူးယောက်က သူငယ်ချင်းညီမလေးက မင်းစေ့စပ်သွားပြီဆိုတဲ့အကြောင်းတို့ကိုပြောရင်းငိုတယ်။ သူပြောပြလို့ မင်းတို့နှစ်ယောက်ပါတီတခုမှာတွေ့ပြီးစေ့စပ်တဲ့အထိ ဖြစ်သွားကြတယ်လို့သိခဲ့ရတယ်။ မင်းက ထိုမိန်းကလေးရဲ့ အချစ်ကိုရဖို့ လက်ကောက်ဝတ်ကိုဖြတ်ပြီး သွေးတွေအများကြီး ထွက်ကြလာတဲ့အထိ

ချစ်သက်သေ ထူပြခဲ့တယ်တဲ့လေ။ တို့ပြုံးမိပါတယ်။ လူတွေဟာ အချစ်နဲ့ ပတ်သတ်လာရင်တနည်းမဟုတ်တနည်းရူးကြစမြဲပါပဲ။

သည်အကြောင်းတွေသူငယ်ချင်းတွေသိသွားတော့ တို့အတွက်မျက်ရည်ဝဲရင်း မင်းကိုကျိန်ဆဲကြတယ်။

ထိုညီမလေးကျေးဇူးကြောင့် မင်းရဲ့ မိန်းကလေးကိုမြင်ခွင့်ရခဲ့တယ်။ကြိုးတချောင်းအကျီင်္နဲ့စကပ်တိုတို

ဝတ်ထားတဲ့ မင်းရဲ့မိန်းကလေးဟာသိပ်ကိုလှပပါတယ်။ သနပ်ခါးကလွဲပြီးမျက်နှာမှာ အပြင်ဆင်ကင်းတဲ့ တို့ကိုယဉ်ယဉ်လေးနဲ့လှတယ်လို့မင်းပြောခဲ့ဖူးတဲ့စကားကိုပြန်လည်ကြားယောင်မိတယ်။

အော်.............အခုတော့လဲသနပ်ခါးမျက်နှာကိုငြီးငွေ့သွားလို့၊ ဆေးရောင်စုံမျက်နှာကို မင်းချစ်တတ်သွားခဲ့ပြီ ပေါ့နော်။

သူငယ်ချင်းတွေ ၀ိုင်းတားတဲ့ကြားက မင်းကိုဖုန်းဆက်ပြီးကွန်ဂရက်ကျူလေးရှင်း ပြောတော့ကိုယ့်ကိုခွင့်လွတ်ပါ ဆိုတဲ့ မင်းရဲ့ငိုသံတ၀က်ပါတဲ့စကားသံ ကို ဘ၀တသတ်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြားခဲ့ရတယ်။

ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်းမချစ်ဆိုတဲ့စကားဟာ တို့နှစ်ယောက်အတွက်တမင်ရည်ရွယ်ခဲ့တာလား။ တကယ်ဆို မင်းကိုချစ်တဲ့အချစ်တွေထဲမှာရယူပိုင်ဆိုင်လိုစိတ်တခုထဲနဲ့ချစ်ခဲ့တာ

မဟုတ်ပါဘူး။ အခုတော့လေလှိုင်းပေါမှာကိုယ့်ရဲ့စိတ်ကူး၊အိမ်မက်တွေပျက်သုံး သွားခဲ့ပြီနော်။

မင်းရဲ့မင်္ဂလာလက်ဖွဲ့အတွက်အမြတ်တနိုးသိမ်းထားတဲ့ မင်းရဲ့စာလွှာလေးတွေ၊ ပို့စကတ်လေးတွေရယ်၊ပြီးတော့ တို့မွေးနေ့မှာ မင်းလက်ဆောင်ပေးခဲ့တဲ့ ပလက်တီနန်ဆွဲကြိုးလေးကိုဘူးထဲမှာထည့်ပြီးလက်ဖွဲ့လိုက်တယ်။

ဘ၀မှာအမြတ်နိုးဆုံးအရာကို တခြားလူကိုပေးလိုက်ရတာ၊ စွန့်လွတ်လိုက်ရတာ အခက်ခဲဆုံးအလုပ်တခုပါပဲ။

မင်းကိုလက်ဖွဲ့ဖို့စာတိုက်ကိုအသွားမှာ၊သူငယ်ချင်းတယောက်ကမိဆွိသည်ကောင်ပေးတဲ့ဆွဲကြိုးကိုပြန်ပေးမနေနဲ့.. ဒါကိုရောင်းပြီး ငါတို့ကို ထမင်းလိုက်ကျွေးဟာလို့ပြောပြီး ရယ်ကြတယ်။ သေလိုက်ပါလားလို့ပြန်ပြောပြီးသူတို့နဲ့အတူအကျယ်ကြီးလိုက်ရီမိတယ်။

ဲ့

ရီတော့ရီနေတာပါပဲလေ......၊

ဒါပေမယ့်

မျက်လုံးတွေကျတော့ဝေနေတယ် .......။

Wednesday, June 20, 2007

လွမ်းအရိပ်၂














လွမ်းအရိပ် ၂


ကောင်းကင်မှာမိုးတိမ်တွေကင်းရှင်းပြီး ၊သက်တန့်ရောင်စုံ ဖြာထွန်းတဲ့ တနေ့ သူတို့အိမ်ဘက်ကိုခြေဦးလှည့်ခဲ့တယ်။
သူနဲ့ကျွန်မ တလမ်းထဲ အတူနေခဲ့ကြပေမယ့်၊ ကျောင်းနဲ့အိမ်ကလွဲလို့အပြင်ကိုထွက်လေ့မရှိတဲ့ ကျွန်မ
မှာသူနဲ့ မျက်နှာချင်းဆိုင်ဆုံတွေချိန်ဟာ သိပ်ကိုနည်းပါးခဲ့ပါတယ်။
မိုးရွာပြီးကာစမို့ မြေမြင်ဟာစိုစွတ်ပျော့ပြောင်းနေတယ်။ အသင့်ဖွင့်ထားတဲ့ ခြံတခါးကိုတွန်းဖွင့်ဝင်ရင်း၊
ကျွန်မကသစ်ပင်၊ပန်းပင်တွေကို မြတ်နိုးတတ်သူပီပီ လူသွားလမ်းတလျှောက် အလှစိုက်ပျိုးထားတဲ့ သူတို့ခြံထဲကရွက်လှဂမုန်းပင် များကို စိတ်လွတ်ကိုယ်လွတ် ကျွန်မ ငေးမောကြည့်နေမိ ခဲ့ တယ်လေ...။
သူတို့ခြံထဲက နှင်းဆီ ပန်းအိုး လေးထဲမှာ မိုးရေ အနည်းငယ် အိုင်ထွန်းနေတယ်။
သင်းပျံ့လာတဲ့မြေသင်းရနံ့
ဝေ့၀ဲလာတဲ့ မိုးဦးကျ စံပယ်ရနံ့
ခြံထောင့်က ဇီဇ၀ါ ရနံ့တွေ အောက်မှာ ကျွန်မ အကြာကြီးမိန်းမောနေခဲ့မိ ပါတယ်။
အချိန်တွေ ဘယ်လောက်ကြာသွားမှန်း မသိ “သမီး ဘယ်သူနဲ့တွေ့ချင်လို့လဲ”ဆိုတဲ့မေးခွန်းအဆုံးမှာ ကျွန်မလန့်ဖျတ်သွားခဲ့တယ်။ သူ ရှိနေမလားဆိုတဲ့ မျှော်လင့်ချက်က မှားယွင်းသွားပြီဆိုတာ၊သူတို့သူငယ်ချင်းတွေဘောလုံးသွားကန်တယ်ဆိုတာသူ့အမေရဲ့စကားအဆုံးမှာ သိလိုက်ရတယ်။ခေါက်ထီးလေးကိုပိုင်ရှင်လက်ထဲ လူကိုယ်တိုင်ပေးပြီး ကျေးဇူးတင်စကား မပြောလိုက်ရလို့လား၊ အဲ့ဒီ့နေ့က အိမ်အပြန်လမ်းမှာ အမျိုးအမည်မသိတဲ့ ဝေဒနာတွေနဲ့ ကျွန်မရင်ထဲပြည့်ကျပ်နေခဲ့ သည်။

နောက်နေ့မနက် ဘတ်စကားဂိတ်မှာ သူကို တွေ့လိုက်ရပါတယ်။
သူကလည်း ကျွန်မ ကိုမြင်လို့ လှမ်းပြီး ပြုံးပြနှုတ်ဆတ်တယ်။
ကျွန်မကတော့ ဘာကိုရှက်နေမှန်းမသိပဲ ရှက်နေခဲ့လို့ ဘာမှမရှိတဲ့ မြေပြင်ကို အဓိပ္ပယ်မဲ့စွာ ငေးကြည့်နေပြီး နှုတ်ဆွံအနေခဲ့မိတယ်။ ဘာမှမဟုတ်တဲ့ ထိုအချိန် ခဏလေးဟာ ကျွန်မ အတွက် အကြာကြီးလိုပဲ။ တိတ်တဆိတ်နဲ့ ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင် ပြန်ကြားနေခဲ့ရတာ သူတော့ သိမယ်မထင်ဘူး။ ဆယ်ကျော်သက် နှလုံးသားက အချစ်ကို တွေ့ရှိသွားခဲ့ပြီလား။ ရင်ခုန်တာတခုတည်းနဲ့ အချစ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက် တယ်။ကျွန်မ ကျောင်းကားရောက်လာတော့ ကားပေါ် လှမ်းတတ်သွားတဲ့ အချိန်အထိ သူရပ်ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။

မတော်တဆပဲလား၊ တိုက်ဆိုင်တာပဲလား နောက်ပိုင်းမှာ ကျောင်းသွား၊ကျောင်းပြန် မကြာခဏဆိုသလို သူုနဲ့ ပိုပြီးဆုံတွေ့ ဖြစ်လာတယ်။ ကျွန်မ အိမ်အပြန်မှာ တစ်စုံတယောက်က စောင့်နေတာမျိုး၊ နောက်ခပ်လှမ်းလှမ်းက လိုက်ပါလာတာမျိုး ခံစားခဲ့ရတယ်။အဲ့ဒီ တစ်စုံတယောက်ဟာ သူပဲဆိုတာ ဘာကြောင့်များ ကျွန်မသိနှင့်နေခဲ့ပါလိမ့်...။ရင်ထဲက အချက်ပေးခေါင်းလောင်းသံတွေကြောင့်များလား...။♪♫♫♫
နေပူပူ၊ မိုးရွာရွာကျွန်မအိမ်အပြန်ကို ဘတ်စကားဂိတ်ထဲမှာဖြစ်စေ၊ လမ်းထိပ်က ပိတောက်ပင်ရိပ်အမိုးအောက်
အောက်မှာ၊ညောင်ညိုပင်အောက်မှာ ဖြစ်စေ သူအမြဲထိုင်စောင့်နေခဲ့ပါတယ်။
ကျွန်မတို့ သူငယ်ချင်းတွေစုပြီး စာအုပ်ဆိုင်၊ သွားတဲ့အခါတွေမှာ သူ့ သူငယ်ချင်းတွေနဲ့ မယောင်မလည် လိုက်ပါလာတတ်တာလဲ ကျွန်မ သတိထားမိခဲ့ပါသည်။

ရင်ခုန်ခြင်း အပိုင်းအစများ ၂

တစ်ခါတရံ သူတို့အုပ်စု ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးရှေ့ က ကျွန်မ ဖြတ်လျှောက်သွားတိုင်း သူ့ရဲ့ သူငယ်ချင်းတွေက “ဟေ့ကောင်၊..သက်နိုင်” ဆိုပြီး ဘာကြောင့်မှန်းမသိအကျယ်ကြီး အော်ခေါ် တတ်ကြသည်။သူတို့ရဲ့ခေါ်သံကထူးဆန်းသလိုလို၊တစုံတယောက်ကိုရည်ညွန်းနေသလိုလို...ခြေလှမ်းတွေကိုအနည်းငယ်ဆုံ့စိုင်းပြီး စောင်းငဲ့ကြည့်လိုက်တော့ ဘေးမှာထိုင်နေတဲ့သူက ရှက်ကိုးရှက်ကန်းနှင့်မျက်နှာကိုငုံ့ထားခဲ့သည်။

အဲ့ဒီတော့မှ သူ့ရဲ့နာမည် အပြည့်စုံက ဇမ္မူသက်နိုင်ဆိုတာ ကျွန်မသိခဲ့ရ တယ်။
။သူနဲ့ ခင်မင်ရင်းနှီးနေပြီဖြစ်တဲ့ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးလေးကြီးရဲ့ ပြုံးစိစိမျက်နှာထား၊ လေးဖြူရဲ့ အုံပုံးအချစ်ကို စားပွဲထိုးလေးက မကြားတကြား စောင်းဆိုသံတွေကိုလဲ ရင်ဆိုင်ခဲ့ရတယ်။ မိုးရွာလို့ သူတို့သူငယ်ချင်းတွေ လမ်းမပေါ် ဘောလုံးထွက်ကန်ကြရင် ဘောလုံးကန်ရင်း ကျွန်မအိမ်ဘက်ကို သူလှမ်းလှမ်းကြည့်နေတတ်သလို၊
ကျွန်မ ကတော့ အပြာရောင် ခန်းစီးစ နောက်ကွယ်ကနေပဲ ငေးကြည့်နေ ခွင့်ပဲရှိခဲ့တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်မှန်းမသိကုန်လာခဲ့သလို၊ မဖော်ပြနိုင်ခဲ့တဲ့ တစုံတရာဟာ ကျွန်မရင်ထဲတိတ်တဆိတ်တိုးတိတ်ငြိတွယ်လာခဲ့သည်။

နွေရာသီ ကျောင်းပိတ်ရက်တွေ ရောက်တော့ သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် နောက်နှစ်အတန်းအတွက် ကျူရှင် ကြိုတတ်ဖြစ်ခဲ့တယ်။ မထင်မှတ်ပဲ ကျူရှင်မှာလဲ ကျွန်မတို့တွေထပ်ဆုံဖြစ်ကြသေးတယ်နော်.. ။အခန်းထောင့်က စားပွဲခုံလေးကနေ သူ ကျွန်မ
ကို ခိုးခိုးကြည့်နေခဲ့တာ ကျွန်မ
သိတာပေါ့။ နောက်ပိုင်း လမ်းထဲကသူငယ်ချင်းတွေ ကျေးဇူးကြောင့် ကျွန်မ
တို့နှစ်ယောက် တရားဝင် သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။
သူငယ်တန်းကနေ၊အထက်တန်း ရောက်တဲ့အထိမိန်းကလေးကျောင်းမှာနေခဲ့ရသူမို့ ကျွန်မဘ၀မှာ ယောကျာ်းလေးသူငယ်ချင်းများများစားစားမရှိခဲ့ပါဘူး။ လမ်းထဲမှာ သူငယ်ချင်းတွေအများကြီးရှိရဲ့နဲ့၊အားလုံးထဲမှာမှသူ့ကိုကျွန်မခင်တွယ်ခဲ့မိပါ
သည်။
သူဟာကျွန်မဘ၀ရဲ့ပထမဦးဆုံးသောယောကျာ်းလေးသူငယ်ချင်းတယောက်ပါပဲ။
ကျူရှင်ကနေအိမ်အပြန်၊ လမ်းမှာ ကောင်လေး တစ်ယောက်ယောက်ကို ပြုံးပြနှုတ်ဆက်မိရင် သူ ကျွန်မကိုစိတ်ဆိုးလို့ မဆုံးတော့ဘူး။
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ရဲ့ အောက်မှာပဲ သူက ကျွန်မပန်ဖို့သူတို့ခြံထဲက အရိုင်းပန်းဖြူဖြူ
တချို့ ယူလာပေးတတ်သေးသည်။
အခြားသူငယ်ချင်းမတွေက နောက်နောက်ပြောင်ပြောင် ငါတို့အတွက်ရောလို့ မေးတော့ သူ့ရဲ့ ရှက်ပြုံးတွေကို ကျွန်မ အခုအထိ မှတ်မိနေဆဲပါ။

ကျွန်မခါးကျော်လောက် ဆံပင်အရှည်တွေကို ကြည့်ပြီး တမြတ်တနိုးနဲ့ သိတ်လှတယ်လို့ မကြာခဏပြောတတ်တယ်။ ကျွန်မက သူပေးတဲ့ပန်းလေးတွေကို တယုတယနဲ့ ခေါင်းမှာပန်ပြတော့ ပျော်ရွှင်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးတက်တဲ့ သူ့ရဲ့ အပြုံးတွေဟာ အမြဲလို ကြည်လင်လတ်ဆက်နေတယ်။ သူပြုံးရယ်လိုက်တိုင်း သွားစွယ်လေးတွေနဲ့ ကလေးတစ်ယောက်လိုပဲ အပြစ်ကင်းစွန်းလွန်းတယ်နော်။ အခုတော့ကျွန်မ မြတ်နိုးရတဲ့ ပန်းတွေလဲ ပန်သူမဲ့လို့ မြေမှာသက်ဆင်း ကြွေကျနေကြပြီလား။

လှပတဲ့ ညနေခင်းလေးတခုရဲ့ ဗာဒံပင်အောက်က ခုံတန်းလေးမှာ အတူတူယှဉ်ထိုင်ရင်း သူက “ကျွန်တော်ညကျရင် ဟိုကောင်တွေနဲ့ ဒီခုံမှာထိုင်ပြီး ဂစ်တာတီးဖို့ ခွင်ပြုပေးပါလား” လို့ ကျွန်မ ကို သူခွင့်တောင်းခဲ့တယ်လေ။
ဗာဒံပင်ထိပ်ဖျားက မိုးဆွေငှက်ကလေးတွေ အိပ်တန်းတတ်တဲ့အချိန်၊ အလင်းရောင်လေးတွေ ဖျော့တော့ သွားတဲ့အချိန်မှာ စံပယ်ပန်း ရနံလေးတွေနဲ့အတူ သူရဲ့ သီချင်းသံက ကျွန်မအိပ်ခန်းရှိရာကို ညင်သာစွာ လွင့်ပျံလာတယ်။ ညလေပြေအဝှေ့မှာ မြတ်လေးပန်းလေးတွေ ကြွေကျသွားတယ်။ လရောင်ခပ်ရေးရေးအောက်က ခုံတန်းလေးပေါ်မှာ သူတို့အုပ်စု......။
ကျွန်မကတော့ အိပ်ခန်းလေးကို မီးအမှောင်ချပြီး ရင်ခွင်ထဲကခေါင်းအုံးလေးကို ကြည်နှုးရှက်စိတ်နဲ့အတူ တင်းကျပ်စွာဖတ်ထားမိ တော့သည်။

နွေရက်တစ်ရက် လှပတဲ့ ပိတောက်လေးတွေ အပြိုင်အဆိုင် ဖူးနေကြတဲ့အချိန်...... ဘ၀မှာ ပထမဦးဆုံးအကြိမ် သူ့ဆီကရင်ဖွင့်စာကိုရခဲ့သည်။
ကြည်နူးစိတ်တစ်ဝက်၊ ရှက်စိတ်တ၀က်နဲ့ စာရွက်ခေါက်လေးကို ဖြန့်နေတဲ့ ကျွန်မလက်တွေ တုန်ခါနေတာ ကိုယ်သတိထား လိုက်မိတယ်။စာထဲမှာ ရေးထားတဲ့ အဓိပ္ပယ်ကို သိပေမယ့် အကြိမ်ကြိမ် ဖတ်မိနေတာ ဘာကြောင့်များပါလိမ့်...။
“”..”င်္ကြန်ကျဖို့ နီးနေပြီနော်၊ ကျွန်တော်ကို ပထမဦးဆုံး ရေလောင်းရတဲ့သူ ဖြစ်ခွင့်ပေးပါ....ချစ်တဲ့ “..” တဲ့လေ။
စာရွက်လေးကို ကိုင်ပြီး ရင်မှာ မောဟိုက်စွာနဲ့ တုန်ရင်နေတုန်းမှာပဲ အိမ်ရှေ့ပိတောက်ပင်က နွေငှက်ကလေးတစ်ကောင် ဆွေးဆွေးမြည့်မြည့်တွန် ကျူးသွားခဲ့ သည်။သင်္ကြန်ရက်တွေမှာ အမေကဥပုတ်စောင့်သွားတော့ ကျွန်မကအိမ်စောင့် အဖြစ်ကျန်ခဲ့ ရတော့ အပြင်ထွက်ခွင့်မရှိခဲ့ဘူး။ အဲ့ဒီနေ့က စိတ်ညစ်ညစ်နဲ့ခြံထဲကို လမ်းဆင်းအလျှောက် ခြံဝထိပ်မှာ ကချင်ပုဆိုးကွက်လေးနဲ့ ငွေဖလားလေးကို ကိုင်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ သူ့ကို အံ့သြ၀မ်းသာစွာ တွေ့လိုက်ရသည်။။ ကျွန်မလည်း ရှက်စိတ်၊ ကြည်နူးစိတ်၊ ၀မ်းသာစိတ်တွေ ရောပြွန်းတဲ့ ခံစားချက်တွေနဲ့ ခြံတံခါးကိုတွန်းဖွင့်ပြီး ထွက်လိုက်စဉ်မှာပဲ မွှေးမြတဲ့ ပိတောက်ရနံ့တွေနဲ့အတူ ရေအေးအေးလေးတွေ ကိုယ့်ပေါ်ကို ကျရောက်ချိန်မှာ သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပြီဆိုတဲ့ ခံစားမှုတစ်ခု မသိစိတ်ကနေ သိစိတ်ကို သူ့အလိုလို ရောက်လာတာကို ကိုယ့်ကိုကိုယ် ၀န်ခံလိုက်ရတယ်။ တကယ်တော့ ကျွန်မတို့တွေဘယ်အရာကိုမှမပွင့်လင်းခဲ့ကြသလို၊ ကျွန်မအချစ်ကို ၀န်ခံဖို့ ကျွန်မကိုယ်တိုင်ပင်ရှက်ရွံ့နေခဲ့မိပါသည်။ ဒီလို သူငယ်ချင်းဘ၀နဲ့ တစ်ယောက်ကိုတစ်ယောက် ခိုးကြည့်ရင်း....၊ အကြည့်များ၊ သက်ပြင်းများအောက်မှာသာ စကားလုံးများက အကြီမ်ကြိမ်ပျောက်ဆုံးနေခဲ့သည်။
ဒါဟာ ကျွန်မအပြစ်လို့ပဲ ဆိုရမလား.... တကယ်တန်း အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကိုတိုးမ၀င်ခဲ့တာဟာ သတ္တိနည်းနေတာထက်ချစ်ရသူကို မလိုလားအပ်တဲ့ ဝေဒနာတွေကို မခံစားစေချင်ခဲ့တာ ကျွန်မရဲ့မှန်သောသစ္စာပါ။ ကျွန်မတို့တွေဟာ ငယ်ရွယ်သူတွေ၊ ရည်ရွယ်ချက်တွေကိုဖြစ်မြောက်ဖို့ မပြီးပြည့်စုံတဲ့သူတွေ၊ ဒါကြောင့်မို့ ကျွန်မတို့
ခြေလှမ်တွေကိုပြန်လည်ထိန်းချုပ်ရမယ်မဟုတ်လား။ ကျွန်မရဲ့မြိုသိပ်ထိန်းချုပ်ခြင်းရလတ်ကတော့ အိပ်မပျော်နိုင်တဲ့ညများ၊ နောင်တဆိုးများ၊၀မ်းနည်းကြွေကွဲမှုများသာဖြစ်စေရုံသက်သက်ပါပဲသူရယ်...။
အင်းပေါ့လေ..အခြေနေ အချိန်ခါဆိုတာ ဘယ်တုန်းကများ နှစ်ခါပြန်လာခဲ့ဖူးလို့လဲ.....။

“အက်ကွဲသံစဉ်၏ နိဂုန်း”

ကျွန်မတို့ ၁၀တန်းစာမေးပွဲတွေ ဖြေဆိုအပြီး တစ်ရက်မှာ အဖေကခေါ်ပြောတယ်... ကျဆင်းလာတဲ့ အိမ်က စီးပွားရေးနဲ့အတူ ကျွန်မကို ကျောင်းဆက်ထားနိုင်ဖို့ အရေးဟာ ခက်ခဲလာခဲ့တယ်။ အားလုံးအတွက် အကောင်းဆုံး အဖြေအဖြစ်နဲ့ ကျွန်မ
ဟာ နိုင်ငံခြားမှာရှိတဲ့ ငယ်ငယ်လေးထဲက ကွဲသွားခဲ့တဲ့ ဖေဖေ့ အစ်မ အန်တီတွေရှိတဲ့ နေရာကို သွားဖို့ အားလုံးက သဘောတူ ဆုံးဖြတ်လိုက်ကြတယ်လေ။
ကျွန်မအတွက် ကောင်းကောင်းမွန်မွန် ပညာဆက်သင်ဖို့ဆိုတာ ဒီတနည်းပဲရှိတယ်လို့ အဖေကပြောတယ်။ အို...ကံကြမ္မာဟာ ကျွန်မကိုသူထံမှအဝေးဆုံးသို့ပို့တော့မည်။ ကျွန်မတို့အမှန်တကယ်ကိုပင်ဝေးကြရတော့မည်။
တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်တွေကိုမထိန်းနိုင်ပဲ အားလုံးရှေ့မှာငိုမိတော့ မေမေက သမီးသူငယ်ချင်း ကောင်လေးရော ဆိုပြီးမေးခဲ့တယ်။ အလိုက်သိတဲ့ ဖေဖေကတော့ ဘာမှမပြောပဲနဲ့ ရှောင်ထွက်သွားခဲ့တယ်။
ညညအိမ်ရှေ့မှာဂစ်တာလာတီးနေတဲ့ သူ့အဖြစ်ကိုအားလုံးကရိပ်မိကြပါတယ်တဲ့...။
ချို့တဲ့နွမ်းပါးတဲ့ကျွန်မရဲ့ဘ၀ဟာ၊ အချစ်ကိုရှေ့တန်းတင်ဖို့၊ ကိုးကွယ်ဖို့ခွင့်မပြုခဲ့ပြန်ဘူး။
နိုင်ငံခြားသွားဖို့ဆိုတာစိတ်ကူးယဉ်လို့ကောင်းတဲ့ အိမ်မက်တခုပါပဲ။ အဲ့ဒီညမှာ သူအရင်လို ဂစ်တာလာတီးခဲ့တယ်။
“ငါ့အဖြစ်တွေကိုမင်းဘာမှမသိခဲ့ပါလားကောင်လေးရယ်””
လရောင်အောက်မှာ ဂစ်တာတီးနေတဲ့ သူပုံရိပ်လေးကို အမှောင်ရိပ်ထဲက ကြေကွဲစွာ ရပ်ကြည့်ရင်း ......

နောက်နေ့တွေမှာ အိမ်ရှေ့ ဂစ်တာလာမတီးဖို့၊ အဖြေကိုလည်း မမျှော်လင့်ဖို့ စာရေးပြီး သူငယ်ချင်းတွေက တဆင့် အသိပေးခဲ့တယ်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ ကျွန်မအမူရာကိုနားမလည်နိုင်လို့ မျက်နှာချင်းဆိုင်ဆုံတွေ့ဆုံဖို့ ကြိုးစားတဲ့အကြောင်း တဆင့် ကြားခဲ့ရတယ်။
အရင်လို အိမ်ရှေ့မှာ ဂစ်တာလာမတီးတော့ပေမယ်၊ အဝေးတနေရာကနေ သူကိုယ့်ကို ဆွေးမြေ့တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်ဆိုတာ ကျွန် မသိနေခဲ့တယ်။ ကျွန်မသွားဖို့ရက်က သိပ်ကိုနီးကပ်နေပြီ။ မသွားခင်ရက်တွေမှာ သူအရင်လိုပဲ အိမ်ရှေ့မှာ ဂစ်တာလာတီးမလားဆိုတဲ့ မျှောလင့်ချက်လေးနဲ့ အိပ်ခန်းတံခါးကို ဖွင့်ထားခဲ့တယ်။ ဒါပေမယ်ချစ်သူရဲ့ အရိပ်ယောင်လေးကိုတောင်မတွေ့ခဲ့ရဘူး။
“သူဘယ်မှာလဲ”……….
“ကျွန်မကိုသူမုန်းသွားပြီလား”……
“ကျွန်မသွားရမယ့်အကြောင်းတွေ သူသိပါမလား”...
လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်တောင်ရှောင်ထွက်သွားတဲ့သူ့ကိုကျွန်မဘယ်လိုနှုတ်ဆတ်ရပါ့မလဲ...။
လားပေါင်းများစွာကိုယ်တိုင်ပြန်မေးရင်း၊ ကျွန်မ၏အချစ်နှင့်ေ၀၀ါးသောဘ၀အတွက်ကြေကွဲခဲ့ရပါသည်။

ပူအိုက်လွန်းတဲ့ ညတစ်ည၊ လရောင်က သစ်ကိုင်းထက်မှာ ဖျာကျနေသည်။
ကျွန်မအတွက်နောက်ဆုံးညတညမှာ ပြတင်းတံခါးကိုအဖွင့်......
အို........ ရှပ်အကျီင်္အဖြူရောင်နဲ့ အရိပ်လေးတစ်ခု။

♫ နှုတ်ဆတ်မျက်ရည်လေးများ အားလုံးမသိအောင်သိမ်းထား ♪♪♪
အခါလွန်တဲ့မိုးမို့အညိုးနဲ့ရွာ ♫♫♫

“ဟင့်အင်း....ကျွန်မကိုအဲ့လောက်ထိမရက်စက်ပါနဲ့...”
“ကျွန်မတို့ဝေးဖို့ အဆင်သင့်မဖြစ်သေးဘူး...”
“ဒါဟာကျွန်မတို့အတွက်မစလိုက်ရပဲအဆုံးသတ်ရမယ့်နိဂုန်းတဲ့လား...။”

“သူ”...သူကတော့ ကျွန်မရင်ထဲက စကားတွေကြားနိုင်လိမ့်မည်လို့မထင်ဘူး။ ဒါပေမယ့် ကျွန်မအခန်းရှိရှာကိုမော့ကြည့်လိုက်တဲ့သူ့မျက်ဝန်းတွေမျက်ရည်တွေကြောင့် စိုလက်နေတာ လရောင်အောက်မှာနောက်ဆုံး အကြီမ်ဖြစ်ကြေကွဲစွာ....။

လေထဲမှာလည်း သီချင်းသံတွေဟာ ခပ်လှမ်းလှမ်းမှာ ကြွေကွဲဖွယ် လွင့်ပျံနေကြသည်။
အပြင်ဘက်မှာအမှောင်ထုက ပိုပြီးသိပ်သည်းနေသည်။
ခဏအကြာမှာ သူ့အရိပ်တွေကျွန်မမျက်ဝန်းထဲဖျော့တော့သွားခဲ့ပါတော့သည်
အို....နွေယံညထဲ ရင်ထဲဆွေးမြည့် ကျွမ်းလှချည်းလားချစ်သူရယ်။

Saturday, December 09, 2006

ခွင့်မသာ

မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီ မြင့်သောကြောင့်။

မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတစ်နှုန်းသို့
ချိုပြုံးဝေသီ မြင့်သောကြောင့်။

မခေါ်သာသည်၊ မျှော်ပါလျက်လည်း
တောင်ထက်ငွေသွေး၊ နှင်းဖြူဖွေးသို့
ကြည်အေးဝေသီ မြင့်သောကြောင့်။

လွမ်းအရိပ်

ညကတိတ်ဆိတ်လိုက်တာ။ ထိုတိပ်ဆိပ်ခြင်းကပဲ လွမ်းဆွေးမူကို ပိုမိုဖန်တီးနေသလား။ အပြင်ဘက်မှာ နှင်းတွေက ပိန်းပိတ်အောင် ထူထပ်နေတာ အမှောင်ထုက ပိုပြီး သိပ်သည်းနေသည်။ အရိုးကွဲအောင်အေးလှသော ဆောင်းရာသီ၏ ညများမှာ ကျွန်မအိပ်မပျော်နိုင်ခဲ့ပါ။ ဖွင့်ထားသော ပြတင်းပေါက်မှတဆင့် ကျွန်မအိပ်ခန်းထဲသို့ ဆောင်းလေက၀င်ရောက်လာသည်။
ဆောင်းလေအဝှေ့မှာ ကျွန်မ၏အခန်းစီးဇာဖြူလေးလွင့်သွားသည်။ လွင့်ပျံ့လာသောညလေနှင့်အတူ မြတ်လေးပန်းရနံကမွှေးပျံ့လာသည်။ထိုစဉ်မှပဲ ဂစ်တာကြိုးညှိသံ၊တစုံတယောက်သီချင်းဆိုသံသဲ့သဲ့ကိုကြား လိုက်မိသည်။ ဘယ်သူများပါလိမ့်.... သူများဖြစ်နေမလား. ဟင့်အင်း.....မဖြစ်နိုင်တာ။ယောင်ယမ်းရ်ျနားနှစ်ဖက်ကိုပိတ်လိုက်မိသည်။
“သူ” ဆိုသောအတွေးကိုတွေးမိသောအခါ ကျွန်မရင်ထဲမောပန်းနွမ်းလျှသွား ပါတော့သည်။

ရင်ခုန်ခြင်းအပိုင်းအစများ(၁)

"ဟောင်းနွမ်းသွားသောအရာတခုဟာကြာမြင့်သောအခါမှုံဝါးသွားတတ်သည်။
သို့သော် အချိန်ဘယ်လောက်ကြာကြာမှုံဝါးသွားသောအရာများတွင်သံယောဇဉ်နှင့်ရင်ခုန်သံ
များမပါဝင်ခဲ့ပါ။ “
တကယ်တော့သူဆိုသည်မှာ.......
တကယ်တော့သူဆိုသည်မှာ.......

ကျောင်းတွေဖွင့်ကာစ ဇူလိုင်လရဲ့ မိုး စက်တွေဟာ ကျွန်မစိတ်ကိုကြည်နူးစေခဲ့သည်။ ငယ်စဉ်က မိုးရွာပြီဆိုရင် ကျွန်မတို့ညီအမတသိုက် စဣူလှေကလေးတွေ အိမ်ရှေ့ရေမြောင်းထဲမှာ လွတ်ပြီးကစားလေ့ရှိပါ သည်။ ကျွန်မတို့ ခြံကြယ်ကြီးထဲမှာ မောင်နှစ်မတွေ မိုးရေချိုးကြတယ်၊ တယောက်နဲ့တယောက် ရွံ့ဗွက်တွေနဲ့ ကောက်ပေါက်ကြတယ်လေ။ ကျွန်မတို့တွေ အလွန်ပျော်ခဲ့ကြ တာပေါ့။ အခုလို ကြီးပြင်းလာတော့လည်း ငယ်ငယ်ကလိုအဆော့မမက်တော့ပေမယ့်၊ မိုးရာသီရောက်ရင် အပြစ်ကင်းစင်တဲ့ကလေးဘ၀ ကိုလွမ်းဆွတ်စဲပါပဲ...။ ကျွန်မ၏ သူ့ကိုလည်း ဇူလိုင်လရဲ့ မိုးစက်တွေအောက်မှာ အမှတ်မထင် ဆုံတွေခဲ့သည်။ ထိုနေ့က လေတွေ အရမ်းတိုက်ပြီး၊ ကောင်းကင်တခုလုံး မည်းမှောင်နေသည်။ ကျွန်မတို့ကျောင်းကားက ရုတ်တရက် စက်ချို့ယွင်းသွားပြီး၊ ရှေ့ဆက်မမောင်းနိုင်တော့လို့ သူငယ်ချင်း၊ အခြားကျောင်းသူတွေနဲ့ အတူ ဘတ်စကားစီးပြီး အိမ်ပြန်ခဲ့ရ တဲ့နေကပေါ့ ...။ ကျောင်းဆင်းချိန်၊ရုံးဆင်းချိန်မို့ လူတွေများပြားလှတဲ့ဘတ်စကားပေါ်မှာ ကျွန်မတို့သူငယ်ချင်းတသိုက် တိုးရင်း၊ အမှတ်မထင် ကျွန်မရဲ့နောက်ကျောက “(....)ကျွန်တော့်ခုံမှာဝင်ထိုင်ပါဆိုတဲ့ “စကားသံကိုကြားလိုက်ရတယ်။
လှည့်ကြည့်လိုက်တော့...ကျွန်မနှင့် သက်တူရွယ်တူ ကောင်လေးတယောက်၊ နူးညံ့သိမ်မွေ့တဲ့ မျက်ဝန်းတွေနဲ့ ပြုံးပြနေတယ်။ သူငယ်ချင်းတွေ အားလုံးထဲမှာမှ ကျွန်မ တယောက်တည်းအတွက်
ဘတ်စကားပေါ်မှာ တနေရာစာ ထိုင်စရာလေးကို သူအရေးတယူထပေးတဲ့အတွက်၊ ကျးဇူးတင်ပါတယ်ဆိုတဲ့ အပြုံးတခုနဲ့ အသိအမှတ်ပြုခဲ့မိတယ်လေ။

နောက်ဆတ်တွဲ ရလတ်ကတော့...၊သူငယ်ချင်းကောင်မလေးတွေရဲ့ မျက်စောင်းလှလှနဲ့ တီးတိုးလှောင်ပြောင်သံကို သူ အလူးလဲခံခဲ့ရခြင်းပါပဲ...။
သူငယ်ချင်းတွေရဲ့ လှောင်ပြောင်သံကြားမှာပဲ၊ အနေရကျပ်စွာ သူ့ကိုကျွန်မခိုးကြည့်ခဲ့မိတယ်။
ပြတင်းပေါက်က လွင့်စင်လာတဲ့ မိုးစက်မိုးမှုံလေးတွေကြောင့် အညိုရောင်သမ်းတဲ့ သူ့ဆံပင်တွေအနည်းငယ်စိုစွတ်နေတယ်။သူ့လက်ထဲက ပွေ့ပိုက်ထားတဲ့ ဖတ်စာအုပ်တချို့မှာ သူ့နာမည်လေးထိုးထားတယ်။ကြားဖူးသမျှ နာမည်တွေထဲမှာ သူ့နာမည်ကအလှပဆုံးလို့ ကျွန်မစိတ်ထဲ
တွေးနေခဲ့မိတယ်။

ဒီလိုနဲ့ ညို့မှိုင်းလာတဲ့ မိုးတွေက ကျွန်မဆင်းရမယ့် မှတ်တိုင်မှာ ဘတ်စကားလဲရပ်ရော၊ မိုးစက်တွေ အငြိုးနဲ့ မြေပြင်ပေါ်ကို ခုန်ပေါက်ပြေးဆင်းလာကြလေရဲ့...။ ဘာလုပ်ရမှန်းမသိ၊ လက်ထဲမှာလည်း ထီးမပါလို့ စိတ်အပျက်ကြီး ပျက်နေတဲ့ကျွန်မကို သူသတိပြုမိပုံရတယ်။
ခေါက်ထီးအမဲလေးကို ကျွန်မလက်ထဲထည့်ပေးရင်း၊ “ကျွန်တော်ငုဝါလမ်းမှာ နေပါတယ်” ပြောပြီး၊ ကျောင်းစိမ်းပုဆိုးကို တိုတိုပြင်ဝတ် သူ မိုးရေထဲပြေးထွက်သွားခဲ့တယ်။
အဖြစ်ပျက်ကမြန်ဆန်လွန်းလို့ ကျေးဇူးတင်စကားတောင်မပြောလိုက်ရပဲ၊ သူ့နောက်ကျောကို ဒီအတိုင်းပဲ ထီးကလေး ကိုင်ရင်း ကျွန်မငေးမောကြည့်နေခဲ့မိသည်။


Friday, November 17, 2006

စာရေးဆရာ နှင့်တာဝန်

ကလောင်သွားသည်ဓားသွားထက်ထက်သည်ဟုဆိုစမှတ်ပြုကြသည်။

ထိုစကားသည်စာရေးဆရာတို့အတွက်ဝင့်ဝါပလွှားသောစကားမျှသာမဟုတ်။

အကယ်မုချအားဖြင့်လည်းအလွန်မှန်ကန်သောစကားဖြစ်လေသည်။

ယခုအခါကမ္ဘာတ၀န်းလုံးပုခက်တွင်းမှကလေးများပါမကျန်လူသားတို့ဧ။်

ခေါင်းပေါတွင်လူ့သမိုင်းတွင်တခါမျှ

မကြုံခဲ့ရလောက်အောင်ကြောက်မက်ဖွယ်ကောင်းသောနျူကလီးယား

လက်နက်ကြီးများရစ်ဝဲလျက်ရှိလေသည်။

လူတယောက်ကမျက်ရိပ်ပြရ်ျလူတယောက်ကခလုတ်နှိက်လိုက်ရုံဖြင့်၂၄နာရီ

အတွင်းလူပေါင်းသိန်းသန်းကုဌေပျက်စီးစေနိုင်သည်။

နျူကလီးယားလက်နက်သည်ထိုမျှထက်မြက်ဧ။်။ယခုထိထိုထက်မြက်သော

လက်နက်မရှိသေးချေ။

သို့ပင်ဖြစ်လင့်ကစားနျူကလီးယားလက်နက်သည်လူသားတို့ကို

အကုန်အစင်မဖျက်ဆီးနိုင်။

ကမ္ဘာပေါတွင်လူဟူရ်ျကျန်တန်သလောက်ကျန်ရှိနိုင်သေးသည်။

ထိုအခါနျူကလီးယားလုပ်သောသူများပါပျောက်ကွယ်သွားရ်ျနျူကလီးယား

ခေတ်ကုန်သွားလိမ့်မည်။

နျူကလီယားသာပျောက်ကွယ်သွားမည်။လူဟူကားအညွန့်မတုံးနိုင်ချေ။

çကလောင်သည်ဓားလက်နက်ကဲ့သို့ခုတ်ထစ်ပိုင်းဖြတ်နိုင်စွမ်းမရှိ။

နျူကလီးယားလက်နက်ကဲ့သို့ရှိရှိသမျှတစ်ခုမဟုတ်ချင်းပျက်ပြားစေနိုင်ခြင်းမရှိချေ။

သို့သော်လူ၏အနှစ်ဖြစ်သောစိတ်ကိုကစားနိုင်သည်၊မွှေ့ရမ်းနိုင်သည်၊

ကြည်လင်စေနိုင်သည်၊ မည်းညစ်စေနိုင်သည်။

ကလောင်ကကောင်းရာသို့ပို့လျှင်အထက်ဘ၀ဂ်သာမကနိဗ္ဗာန်သို့ပင်တက်လှမ်းနိုင်သည်။

ကလောင်ကမကောင်းရာသို့ဆွဲလျှင်အ၀ီစိတွင်ချိုးကပ်စေနိုင်သည်။ကလောင်က

သတ်လျှင်အသက်ရှင်လျှက်ပင်သေစေနိုင်သည်။

နျူကလီးယားကားလူညွန့်မတုံးစေနိုင်၊ကလောင်ကမူကားလူညွန့်တုံးစေနိုင်သည်။

ခြေနှစ်ချောင်း၊လက်နှစ်ဖက်ခေါင်းတလုံးရှိပါလျက်လည်းတီကောင်လောက်မျှအသုံး

မကျသောဘ၀ရောက်စေနိုင်သည်။

ကလောင်ကိုင်သောလက်သည်နျူကလီးယားကိုင်သောလက်ထက်ကြောက်စရာ

ကောင်းသည်။

အစွမ်းသတ္တိထက်မြက်၏။အစွမ်းသတ္တိထက်မြက်သလောက်တာဝန်ကြီးလှပေသည်။

ထိုတာဝန်သည်စာရေးဆရာတို့အတွက်မည်မျှကြီးမားသနည်း။လူသားတို့အတွက်

ထိုတာဝန်ကိုကျေပွန်အောင်မည်သို့ထမ်းရွက်ကြအံ့နည်းဟူသောအပြစ်ကြီးသည်

ယနေ့စာရေးဆရာများရှေ့မှောက်သို့ရောက်လုပြီ။

စာရေးဆရာများကမည်သို့ဖြေရှင်းကြအံ့နည်း။

စာရေးဆရာများသည်လွပ်လပ်စွာတွေးရ်ျလွပ်လပ်စွာရေးနိုင်ပါသည်။လွပ်လပ်စွာတွေးရ်ျ

လွပ်လပ်စွာရေးမှသာလျှင်တကယ်အကျိုးပြုစာကောင်း ပေကောင်းများထွက်နိုင်ပါသည်။

ထိုကြောင့်စာရေးဆရာများမည်သို့တွေးရမည်၊မည်သို့ရေးရမည်စသည့်ကန့်သတ်မှုများ

ကိုမယုံကြည်ပါ။အရေးကြီးသည့်အချက်မှာစာရေးဆရာတို့၏အတွေးနှင့်အရေးကို

ခေတ်၏အလိုကအဘယ်မျှလောက်အရောင်ဟပ်ပါသနည်း။

စာရေးဆရာသည်ခေတ်၏လိုလားချက်ကိုရောင်ပြန်မဟပ်နိုင်လျှင်စာနှင့်ခေတ်မဆုံမိဘဲ

တစ်ဖတ်နှင့်တစ်ဖက်အံချောလျက်ရေးသမျှစာသည်တန်ဖိုးသတ္တိကင်းမဲ့၊အလဟသာ

ဖြစ်ရုံသာမကအကျိုးနည်းခဲ့ရသောထုံးသက်သေသာဓကများသည်ကမ္ဘာရာဇ၀င်တွင်

များစွာရှိပေသည်။

ဆရာဇေယျ

အောက်ပါ စကားစုများသည် သတင်းစာ ဆရာကြီး ဦးဇေယျ

၁၉၆၂ ခုနှစ်က ကမ္ဘာအေးကုန်းမြေတွင် ကျင်းပပြုလုပ်သည့်

စာရေးဆရာညီလာခံ၌ သတင်းစာဆရာကြီး ဦးဇေယျ တင်သွင်းသောစာတမ်းမှ

ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ဇေယျနှင့်သူ၏သတင်းစာ


ဇေယျနှင့်သူ၏သတင်းစာ

ဆရာဇေယျသည်စစ်ကြို၊စစ်ပြီးမြန်မာစာပေလောက၏ထိပ်တန်းစာရေး

ဆရာကြီးတစ်ဦးဖြစ်သည်။

မြန်မာ့စာပေလောကထဲခြေချစအချိန်၌ဆရာဇေယျသည်သတင်းစာ

တစ်စောင်ကြီးမှုး ထုတ်ဝေဖူးသည်။

သူ့သတင်းစာ၏အမည်ကိုဆရာဇေယျကသူ့ကလောင်အမည်တိုင်း

ဇေယျဟုပေးထားသည်။

ဇေယျသတင်းစာကို၁၉၂၅ခုနှစ်၊ဧပြီလ၁၃ရက်နေ့မှစရ်ျတင်္နလာ

နေ့တိုင်းထုတ်ဝေသည်။

သတင်းစာမျက်နှာဖုံးတွင် အယ်ဒီတာဆရာယော ဟုတပ်ထားသည်။

ဇေယျသတင်းစာသည်သက်ဆိုးရှည်ကြာသည့်သတင်းစာတစောင်

မဟုတ်စေကာမူ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်း၏ အစဦးစာနယ်ဇင်းများထဲတွင်တစ်စောင်ပါဝင်သည်

ယခုခေတ်အမြင်နှင့်ကြည့်လျှင်ဇေယျ သတင်းစာသည်

သတင်းစာထက် ဂျာနယ်ပိုဆန်သည်။

ရှေးခေတ်က တပတ်တကြိမ် ထုတ်စာစောင်များကိုလည်း

သတင်းစာဟုပင်ခေါ်ကြသည်။

ဇေယျသတင်းစာသို့မဟုတ်သတင်းစဉ်၌ခေါင်းကြီးပိုင်းနှင့်တကွ

နိုင်ငံရေး၊စီးပွားရေး၊ နိုင်ငံတကာရေး၊ စာပေ၊ကဗျာစသောကဏများ

ပါဝင်သည်။

ဇေယျ၏သီဟာပျံအခန်းဆက်ဝတ္တုကိုလည်းထည့်သွင်းဖော်ပြထားသည်။

ဆရာဇေယျသည်ဝတ္တု၊ဆောင်းပါးစာတမ်းများသည်နှောင်းပိုင်းမြန်မာစာပေ

သမိုင်း၏ မှတ်တိုင်အဖြစ်စာပေသမိုင်းတွင်ကျန်ရစ်မည့်စာများဖြစ်သည်။

ပါရဂူ

The road where we apart

လမ်းခွဲမှာ

တကယ်တန်းတို့တွေ

ခွဲခွာကြရပြီဆိုတော့

အပြန်လမ်း

နှုတ်ဆက်ခြင်းရဲ့

အပြုံးတစ်ပွင့်ဟာ

မျက်ရည်တစ်စ စိုခဲ့ရပြီ။

ခါးသက်တဲ့ ခွဲခွာခြင်းကို

ငါတို့ ဟန်ဆောင်ပြုံးထားလဲ

နှလုံးသား အတွင်းထဲမှာတော့

မျက်ရည်မိုးတွေစွေခဲ့ရပြီ။

ကြံမ္မာရိုင်း တစ်စမှာ

တို့တွေရဲ့

နှလုံးသားအစုံ

စတေးခံခဲ့ရတာ

ကောင်းကင်က ကြယ်တစ်စုံနဲ့

လမင်းကို သက်သေပြုလို့

ငါတို့ သိပ်ချစ်ခဲ့ရက်နဲ့

လမ်းခွဲမှာ

အပြုံးတစ်စနဲ့ ငိုနေခဲ့ရပြီ။

Monday, November 06, 2006

Euripides

“Life is a constant struggle to balance these extremes and yet this balance is necessary for happiness.”

The famous Greek author Euripides state that “love when it comes in too great strengths has never brought good renown or virtue to mortals “therefore, it is better to love in moderation, or to balance love with reason.
Too great a passion that is unbridled can be destructive.

Saturday, November 04, 2006

ချို

ချို

နူးညံ့တဲ့ အပြုံးတွေရဲ့ နောက်ကွယ်မှာ

အယောင်ဆောင် အကြင်နာတွေ ငါ့အတွက်

ဖန်ဆင်းထားမှန်း ...ငါ မသိခဲ့ဘူး ချို

သိမ်မွေ့သယောင် မျက်ဝန်းတွေက

ရက်စက်တတ်တယ် ဆိုတာ ငါ အခုမှသိခဲ့ရပြီ...ချို

နှင်းဆီငုံဖူး နှုတ်ခမ်းလေးက

ပွင့်ထွက်လာတဲ့ မုသားလှလှ တွေပေါ်မှာ

ငါ ပျော်ဝင်ခဲ့ဖူးတယ်...

ကဗျာဆန်ဆန် လှပတဲ့ ရွှေအိုရောင် ညနေခင်း အချို့မှာ

တို့ နှစ်ယောက် ရွက်ကြွေလမ်းဆုံးအထိ လျှောက်ခဲ့ဖူးတယ်။

ဒါတွေ အားလုံး ပြီးဆုံးသွားပြီဆိုတာ ....

နင့်ရဲ့ မေ့လိုက်တော့ စကားတခွန်း နဲ့တင်

ငါ...နာကျင်စွာ လက်ခံလိုက်ရတယ်...ချို

အဲ့ဒီနေ့က ...မိုးတွေအုံ့နေတယ်

ငါ့ရင်ထဲမှာလည်း မိုးတွေပြိုတော့မယ်...ချို

( အဲ့ဒီနေ့မှာမှ...နင်ဘာလို့ အရမ်းလှနေတာလဲဟာ)

ဘူတာရုံအိုတခုရဲ့ အမိုးအောက်မှာ

ငါ့တို့တွေ ကျောခိုင်းခဲ့ကြတယ်

တကယ်တော့ ကျောခိုင်းခဲ့သူဟာ နင်ပါ

သတ္တိမရှိသူငါကတော့ နင်တလှမ်းချင်း လှမ်းသွားတာကို

မကြည့်ရဲလို့ အရှုံးတွေကို ရင်ဝယ်ပိုက်ပြီး

ခေါင်းငိုက်စိုက်ကာ ပြန်လာခဲ့ရတယ်...ချို ...။

နှုတ်ဆတ်ခဲ့တယ်...ချို...

မလှမပတဲ့ကံစီမံရာကြောင့်...

နောက်လူအပေါ်မှာ ယိမ်းသွားတတ်တဲ့ သဘောထားတွေကြောင့်

နင်နဲ့ငါ မဆုံနိုင်အောင်...ဝေးခဲ့ရပြီ ချို.....။

♥ဆွိ♥

သူလိုလူ ( Written By Ko Htaike)

သူလိုလူ

ဟောဗျ

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး အခန်းနံရံကို

ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။

သူ၏ ချစ်ဇနီး မခင်လှမှာလည်း ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။

ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။

ကျွန်တော့်အခန်းဘေးတွင် ကိုသိန်းထွန်းနှင့် မခင်လှတို့ ဇနီးမောင်နှံ

နေထိုင်ကြသည်။ သူတို့ ညားကာစ ကတည်းက ကျွန်တော

့် အခန်း၏ ဘေးတွင်ရှိသော အခန်းလွတ်ကို ပြောင်းရွှ့

နေထိုင်လာသည်မှာ၊ ယခု သားဦးလေး အောင်အောင်ပင်

ဝူးဝူးဝါးဝါးဖြင့် ချစ်စရာ တုံပြန်ပြောတိုတတ်သော အရွယ်သို့

ရောက်လာပြီ်ဖြစ်သည်။ သားဦးလေး ဖြစ်သဖြင့်

သားလေးကြီးလာလျှင် ဘာဖြစ်လာမလဲဟူသော

မေးခွန်းဖြင့် ဇနီးမောင်နှံနှစ်ယောက် မကြာခဏ အငြင်းပွားကြသည်။

ထိုအခါ ကျွန်တော်က လူတတ်ကြီးလုပ်ပြီး အကြံတစ်ခုဝင်ပေးရာ

သူတို့ ဇနီးမောင်နှံမှလည်း ဟာ.. သိပ်ကောင်းတဲ့ အကြံပေါ့ဟု

ဆိုကြပြီး ထိုအကြံအစည်ကို စတင် အကောင်အထည် ဖေါ်ကြလေသည်။

ကျွန်တော်ပေးသောအကြံမှာ -

ဒီလိုဗျအောင်အောင့်ကို အခန်းထဲမှာထား၊ ပြီးရင် သူ့ အနားမှာ

ကစားစရာ ဆေးထိုးအပ်၊ ပိုက်ဆံတစ်ရွက်၊ ပန်းသီးတစ်လုံး၊

အင်ဂျင်နီယာတွေ ဆောင်းတဲ့ဦးထုပ်တစ်လုံး၊ အဲဒါတွေချထားလိုက်ပေါ့ဗျာ။

ကျွန်တော်တို့က အခန်းဝကနေ သူ့ကို ချောင်းကြည့်တာပေါ့။

သူကောက်ယူပြီး အကြာကြီး ကစားတဲ့ အရာက သူကြီးလာရင်

စိတ်ဝင်စားမဲ့ အရာပဲပေါ့ဗျာ။ ကျွန်တော့် စာရင်းက-

ဆေးထိုးအပ်…………….…………...ဆရာဝန်

ပိုက်ဆံ……………………….………စီးပွားရေးသမား

အင်ဂျင်နီယာဦးထုပ်………………….အင်ဂျင်နီယာ

ပန်းသီး……………………………….စိုက်ပျိုးရေးသမား အစရှိတာတွေပေါ့

မခင်လှက အဲ တရားစာအုပ် တစ်အုပ်ပါ ထည့်ပေးတာလိုက်ပါလား၊

ဒါဆို ဘာသာရေးကို ရိုသေကိုင်းရှိုင်းတဲ့ သူလည်း ဖြစ်ချင်ဖြစ်နေမှာ။

ဟု ၀င်ရောက် ဖြည့်စွက်၏။ ထိုနောက် အကြံအတိုင်းပြုလုပ်၍

ချောင်းကြည့်ကြရာ ကိုသိန်းထွန်းထံမှ ရုတ်တရက် အာမေဋ္ဋိတ်သံကို ကြားလိုက်ရသည်။

ဟောဗျ

မျက်လုံးပြူးလျှက် မိမိနဖူးကိုရိုက်ကာ နောက်သို့ယိုင်ပြီး

အခန်းနံရံကို ကိုသိန်းထွန်းတစ်ယောက် မှိ၍ထားရ၏။

သူ၏ ချစ်ဇနီး မခင်လှမှာလည်း ဘာများလဲ၊ ရှင်ဘာကိုတွေ့လိုက်လို့လဲ။

ဟု ဘေးမှ တတွတ်တွတ် မေး၍နေလေတော့သည်။

ကျွန်တော်တို့ တွေလိုက်ရသည်မှာ အောင်အောင်သည် ဘယ်ကဘယ်လို

ရလာသည် မသိသော သေနတ်ကို ခါးတွင် ထိုးလျှက်

ပိုက်ဆံကို အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။

ထိုနောက် တရားစာအုပ် ပေါ်တက်ထိုင်ကာ ပန်းသီးကို ကောက်ယူ၍

စားပြီးလျှင် ခါးထဲမှ သေနတ်ကို ထုတ်ယူကာ တွေ့ကရာသို့

တဒိုင်းဒိုင်း ပစ်နေလေ၏။ ထိုမြင်ကွင်းကို မြင်သောကြောင့်

ကိုသိန်းထွန်း နဖူးရိုက်၍ မှတ်ချက်ချလိုက်သည်မှာ-

ဒီကောင် ကြီးလာရင် နအဖ စစ်ဗိုလ်ချုပ်လုပ်မှာတဲ့ဗျာ။

Friday, November 03, 2006

Albert Schweitzer


We are not truly civilized if we concern ourselves with the relation of man to man.

What is important is the relation of man to all life

Albert Schweitzer

လူလူချင်း ဆက်ဆံရုံနဲ့တော့ ကျွန်တော်တို့ဟာ တကယ်တမ်း ယဉ်ကျေးပြီလို့ မဆိုနိုင်ပါဘူး။

အရေးကြီးတာက လူနဲ့သက်ရှိဘ၀ အားလုံးရဲ့ ဆက်ဆံရေးပါ။